ပတ္တမြားမြေရဲ့ ကျောက်မျက်တူးဖော်ရေး TNLA ဘယ်လိုစီမံနေလဲ

Facebook Twitter LinkedIn
ပတ္တမြားမြေရဲ့ ကျောက်မျက်တူးဖော်ရေး TNLA ဘယ်လိုစီမံနေလဲ

ဒေါ်လာသန်းချီတန်ကြေးရှိ ပတ္တမြားတွင်းလုပ်ကွက်တွေ အပါအဝင် တွင်းထွက်ကျောက်မျက်တွေထွက်တဲ့ မိုးကုတ်မြေမှာ အုပ်စိုးသူအပြောင်းအလဲဖြစ်ခဲ့တဲ့နောက် ကျောက်မျက်တူးဖော်ရေးအပိုင်းမှာဝေဖန်သံတချို့ ထွက်လာပါတယ်။

ဆယ်စုနှစ် ၃ ခုထက်မနည်း စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့နဲ့ နီးစပ်တဲ့ခရိုနီတွေရဲ့ ငွေတွင်းလို့ တင်စားကြတဲ့ မိုးကုတ်မြေကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ပူးပေါင်းတပ်တွေသိမ်းပိုက်ခဲ့ပါတယ်။

မြို့သိမ်းပြီး ၃ လအကြာမှာတော့ ကျောက်မျက်လုပ်ငန်းကြီးကြပ်ရေးကော်မတီဖွဲ့စည်းပြီး ဒေသခံတွေကို တနိုင်တပိုင်ကျောက်လုပ်ကွက်တွေလုပ်ခွင့်ပေးထားတယ်လို့ TNLA က ပြောထားပါတယ်။

ဒေသခံတချို့ကတော့ အုပ်စိုးသူပြောင်းလဲသွားပေမဲ့ မိုးကုတ်ကျောက်လုပ်ကွက်လုပ်ကိုင်ခွင့်တွေ လုယူခံနေရဆဲပဲလို့ ပြောဆိုချက်တွေရှိလာပါတယ်။

TNLA က မိုးကုတ်မှာ ကျောက်တူးဖော်ခွင့်ဘယ်လိုပေးနေလဲ

မိုးကုတ်မှာ ပြီးခဲ့တဲ့ ကာလတွေအတွင်း စစ်တပ်နဲ့ ဆက်နွယ်တဲ့ကုမ္ပဏီတွေက လုပ်ကိုင်ခွင့်ရထားတဲ့ ကျောက်မိုင်းကြီး လုပ်ကွက် ၁၀ ခုကျော်ရှိခဲ့ပါတယ်။

မိုးကုတ်ရဲ့ အုပ်စိုးသူအသစ် TNLA သိမ်းယူလိုက်တဲ့အချိန်မှာတော့ စစ်တပ်နဲ့ နီးစပ်တဲ့လုပ်ငန်းရှင်အဖြစ်ထင်ရှားခဲ့တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ရဲ့ ဗဟိုတွဲဖက်အတွင်းရေးမှူးနဲ့ စီးပွားရေးတာဝန်ခံဖြစ်တဲ့ ဦးနေဝင်းထွန်းရဲ့ ပတ္တမြားနဂါးကုမ္ပဏီ အပါအဝင် ရတနာရှင်ကုမ္ပဏီ၊ ဇမ္ဗူကျော်အောင်ကုမ္ပဏီလီမိတက်၊ သက်နိုင်အောင်ကုမ္ပဏီနဲ့ ကျန်မိသားစုကုမ္ပဏီတို့ကို ပိတ်ပင်ခဲ့ပါတယ်။

ဒါအပြင် ကျောက်မိုင်းလုပ်ကွက်နေရာတွေဖြစ်ခဲ့တဲ့ ဝန်းထရံဂဲတွင်း(ပြောင်းပြင်ရွာ)၊အုန်းပင်(ကသဲကျောက်ဆောင်ရွာ )၊ မိုးကုတ်ဂေါက်ကွင်း နဲ့ ဗာဂါးသစ် တောကြိုးဝိုင်းတို့ကိုလည်း တူးဖော်ခွင့်ပိတ်ထားတယ်လို့ TNLAက အစောပိုင်းမှာ ဆိုထားပါတယ်။

ဒါပေမဲ့ ဒီလုပ်ကွက်တွေအပါအဝင် မိုးကုတ်ကျောက်လုပ်ကွက်အများစုမှာ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းတွေ ပြန်လည်ပတ်နေပြီလို့ ဒေသခံတချို့က ပြောလာပါတယ်။

လုပ်ငန်းလည်ပတ်ရာမှာ အရင်နဲ့မတူတာက စစ်တပ်လက်အောက်ကနေ သူနဲ့ဆက်နွယ်တဲ့ကုမ္ပဏီတွေက ထုတ်ယူတာ မဟုတ်တော့ဘဲ တအာင်းတပ် TNLA ရဲ့ စီမံမှုအောက်ကနေ သွားရတာမျိုးပြောင်းသွားတာဖြစ်ပါတယ်။

ခေတ်အဆက်ဆက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရာနေရာအဖြစ် ထားရှိခဲ့တဲ့ ပတ္တမြားမြေဂေါက်ကလပ်နေရာမှာ TNLA ဦးဆောင်ပြီး MNDAA - ကိုးကန့်တပ်နဲ့ UWSA - ''ဝ'' တပ်ဖွဲ့တွေက ကျောက်မျက်တူးနေတယ်လို့ ဘီဘီစီနဲ့ မေးမြန်းခဲ့တဲ့ ဒေသခံ ၃ ဦးထက်မနည်းက ပြောပါတယ်။

"ဂေါက်ကွင်းနေရာက ဒေသခံတွေတန်ဖိုးထားတဲ့နေရာ အဲဒီ နေရာကို တူးနေတာ ဘယ်သူမှမကြိုက်ဘူး။ အဲဒီနေရာကို ရှယ်တူးနေကြလို့ စုတ်ပြတ်နေပြီ။အကြီးစားတူးဖော်တာကို ခွင့်မပြုဘူးလို့ပြောပြီး သူတို့ပဲ တူးနေတာ"လို့ မိုးကုတ်ဒေသခံ ပြောပါတယ်။

နောက်ထပ်ဒေသခံ ကျောက်သမားတစ်ဦးကလည်း လုပ်ကွက်တွေမှာ TNLA ကသာ အများစုလုပ်ကိုင်နေတယ်ဆိုတာကို အတည်ပြုပြောပါတယ်။ ဒေသခံအများစုက လခစားတွေအဖြစ်သာ ကျောက်တွင်းမှာ ဝင်ရောက်လုပ်ကိုင်ကြရတယ်လို့လည်း ဆိုပါတယ်။

"လုပ်ကွက်တိုင်းမှာ TNLA က ဝင်လုပ်တာပေါ့။ သူတို့ကငွေကြေးရော စက်ရောရှိတော့ ပိုအလုပ် တွင်တယ်။ ဒေသခံက တနိုင်တပိုင်ပဲလုပ်ရတယ် "လို့ မိုးကုတ်ဒေသခံကျောက်သမား က ဆိုပါတယ်။

တနိုင်တပိုင်ကျောက်တူးဖော်မယ့် ဒေသခံတွေက လုပ်ကွက်အတွက် သက်ဆိုင်ရာ ရပ်ရွာအုပ်ချုပ်ရေးမှူးတွေဆီမှာ မြေခွန်၊မြေတွင်းကတ်၊ဂဲတွင်းကတ် ခွင့်ပြုချက် ယူကြရတာဖြစ်ပါတယ်။ အဲဒီကတ်သက်တမ်းက တစ်နှစ်ဖြစ်ပြီး တစ်တွင်းတူးခွင့်ရှိပါတယ်။

ဒေသခံရဲ့အပြောအရတော့ မြေတွင်း၊ဂဲတွင်းကတ်အတွက် ငွေကျပ် ၃၅,၀၀၀ ကို ပေးဆောင်ရပါတယ်။

"လျှောက်တဲ့ လုပ်ကွက်တိုင်းလည်း မချပေးဘူး။ တနိုင်တပိုင်ပေးတယ်သာပြောတာ ကျောက်ရတယ်ဆိုတဲ့နေရာဆို သူတို့သိမ်းပြီးသားပဲ။ သူတို့(TNLA)ပဲ လုပ်မယ်ဆိုတဲ့ သဘော"လို့ မိုးကုတ်ဒေသခံက ဘီဘီစီကိုပြောပါတယ်။

ပိတ်ပင်လိုက်တဲ့ကုမ္ပဏီတွေက ကျန်ရစ်ခဲ့တဲ့ ကျောက်တူးဖော်ရေး ယန္တရားတွေကို သုံးပြီး TNLA က တူးနေတာလို့ ဒေသခံတွေက ပြောကြသလို လူမှုကွန်ရက်မှာလည်း မိုးကုတ်မှာကျောက်တူးမှုတွေအလွန်အကျွံလုပ်နေတယ်ဆိုတဲ့ ရုပ်သံဖိုင်တချို့ထွက်ပေါ် လာပါတယ်။

"မိုးကုတ်မှာ ဒေသခံလုပ်ခွင့်ရတဲ့ လုပ်ကွက်က အရမ်းနည်းတယ်။ ဒေသခံတွေက အလုပ်မရှိ အကိုင်မရှိဖြစ်နေပြီ" လို့ မိုးကုတ်ဒေသခံက ဘီဘီစီကိုပြောပါတယ်။

ဒီပြောဆိုချက်တွေနဲ့ ပတ်သတ်လို့တော့ TNLA ရဲ့ ကျောက်မျက်ကော်မတီကို တင်ပြရင် လုပ်ကိုင်ခွင့်ချပေးနေတယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေး လွေးယေဦး ဘီဘီစီကို ပြောပါတယ်။

"လူထုတွေက တနိုင်တပိုင်တူး ကျောက်မျက်ကော်မတီကို လိုင်စင်တင်ပြပြီးဆောင်ရွက်သွားနိုင်ပါတယ်။ လုပ်ထုံးလုပ်နည်းအတိုင်း အခွန်လည်းပေးဆောင်ရင်တော့ ခွင့်ပြုပေးမှာဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။

မိုးကုတ်မြို့ တူးဖော်ရေးလုပ်ငန်းကို TNLA ဗဟိုကော်မတီအဖွဲ့ဝင် တားအုပ်တမောင်း က ဦးဆောင်ပြီး ကျောက်မျက်ကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တယ်လို့ မဲခေါင်သတင်းက ဖော်ပြထားပါတယ်။

မိုးကုတ်ဂေါက်ကွင်းမှာ ကိုးကန့်တပ်နဲ့ပေါင်းပြီး TNLA က ကျောက်တူးဖော်နေတယ်ဆိုတဲ့ သတင်းတချို့အပေါ် ဘီဘီစီက TNLA သတင်းနဲ့ ပြန်ကြားရေး လွေးယေဦးကို ဖေဖော်ဝါရီ ပထမပတ်က မေးမြန်းခဲ့ချိန်မှာတော့ "လက်ရှိမှာ ကျွန်မကြားသိရတာမျိုးမရှိသေးဘူး" လို့သာ တုံ့ပြန်ခဲ့ဖူးပါတယ်။

ကျောက်မျက်တူးဖော်ရေး မူဝါဒ ရေးဆွဲနေဆဲကာလဖြစ်တာကြောင့် အကြီးစားတူးဖော်တာကို ခွင့်မပြုထားဘူးလို့လည်း ဆိုပါတယ်။

မိုးကုတ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ တိုးလာနိုင်လား

စစ်တပ်ဘက်ကတော့ ၂၀၂၅ နှစ်ဦးပိုင်းကစတင်ကာ မိုးကုတ်က ကျောက်လုပ်ကွက်တွေရှိရာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေဆက်တိုက်လုပ်ဆောင်နေပါတယ်။

စစ်တပ်ရဲ့ တုံ့ပြန်နေမှုက ပတ္တမြားမြေကို ဘယ်သူမှအုပ်ချုပ်ခွင့်မရစေရဘူးဆိုတာနဲ့ ပြန်လည်အရယူလိုကြောင်းကို ပြသနေတယ်လို့ ယူဆကြောင်း ရှမ်းမြောက်စစ်ရေးအကဲခတ် တချို့က မှတ်ချက်ပြုတာတွေလည်းရှိပါတယ်။

မိုးကုတ်ကို TNLA သိမ်းပြီးနောက်ပိုင်း ပထမဆုံးလေ ကြောင်းတိုက်ခံရတာက ကျောက်တူး ဖော်တာတွေ ပြန်စခဲ့ပြီး တစ်လနီးပါးအကြာ ၂၀၂၄ နိုဝင်ဘာ ၁၁ ရက်ညပိုင်းမှာ ဖြစ်ပါတယ်။

လူနေရပ်ကွက်တွေပေါ်ကြဲချတာကြောင့် အိမ်ဒါဇင်ချီပျက်စီးခဲ့သလို ၉ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပါတယ်။

၂၀၂၅ ဇန်နဝါရီ ၈ ရက်မှာ မိုးကုတ်မြို့က ကျောက်တူးဖော်နေတယ်လို့ ဒေသခံတွေပြောထားတဲ့ ဂေါက်ကွင်းနေရာနဲ့ ၂၀၂၅ ဖေဖော်ဝါရီ ၁၀ ရက်မှာ မိုးကုတ် ပြောင်းပြင်ရွာက ဝန်းထရံလုပ်ကွက်တို့ကိုစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဂေါက်ကွင်းကို လေကြောင်းဗုံးကြဲချိန်မှာ ထိခိုက်သေဆုံးမရှိခဲ့ပေမဲ့ ဝန်းထရံလုပ်ကွက်ကြဲခံရချိန်မှာ ၅ ဦး သေဆုံးကာ ၁၉ ဦးဒဏ်ရာရခဲ့ပါတယ်။

ဒီဝန်းထရံလုပ်ကွက်ကို TNLA က ဦးစီးလုပ်ကိုင်နေပြီး လခစားဝင်ရောက်လုပ်ကိုင်နေတဲ့နယ်ခံတွေလည်းရှိတယ်လို့ မိုးကုတ်နယ်ခံတစ်ဦးက လေကြောင်းပစ်ခံရတဲ့နေ့တုန်းက ဘီဘီစီကို ပြောထားပါတယ်။

ဒီလုပ်ကွက်ဟာ TNLA က ကျောက်တူးဖော်ခွင့်ပိတ်ပင်ထားတယ်လို့ ကြေညာချက်ထဲ ထည့်သွင်း ဖော်ပြထားတဲ့နေရာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက် ကတော့ စစ်ကောင်စီက သယံဇာတအားလုံးဟာ နိုင်ငံပိုင်ဖြစ်ပြီး ဥပဒေမဲ့ခိုးထုတ်ကာ လက်နက်ကိုင်တပ်ဖွဲ့တွေဆီ ထောက်ပံ့နေတာတွေကို စိစစ်ဖော်ထုတ်ပြီး လိုအပ်သလို တိုက်ဖျက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။ အဲဒီလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်သူတွေကိုလည်း ရှောင်ရှားကြဖို့လည်း ပြောထားပါတယ်။

သယံဇာတနယ်မြေ အတိအကျကို ထည့်သွင်းပြောဆိုတာမရှိပေမဲ့ ပတ္တမြားမြေမိုးကုတ်လည်း စိုးရိမ်ရတယ်လို့ ပြောဆိုချက်တွေရှိလာပါတယ်။

"ကျောက်ထွက်လို့ အကြီးအကျယ်ရမှာက အုပ်စိုးထားတဲ့အုပ်စုတွေပဲ။ ဒါပေမဲ့ လေကြောင်းလာရင်တော့ အလုပ်မရှိလို့ လခစားလုပ်တဲ့ နယ်ခံတွေပဲခံရမှာမို့ သူတို့အတွက်စိတ်ပူတယ်"လို့ မိုးကုတ်စစ်ရှောင်တစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။

စစ်ကောင်စီဟာ မိုးကုတ်အပြင် ကချင်လွတ်လပ်ရေးတပ် KIA သိမ်းထားတဲ့ သယံဇာတထွက်ရာ ဖားကန့်နဲ့ တနိုင်းရွှေလုပ်ကွက်တွေရှိရာကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေရှိခဲ့ပါတယ်။

ဒေသခံအများစုကတော့ လေကြောင်းတိုက်ခိုက်မှုအပြင် အလွန်အကျွံထုတ်ယူမှုတွေကြောင့် ရေရှည်မှာ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှာလည်း စိုးရိမ်ချက်ရှိကြပါတယ်။

အရပ်သားအစိုးရလက်ထက် ၂၀၁၆ ခုနှစ်ကတည်းက မိုးကုတ်မှာ အကြီးစား ကျောက်မျက်တူးဖော်တဲ့ လုပ်ငန်းတွေကို လိုင်စင်သက်တမ်းတိုးတာနဲ့ အသစ်ထုတ်ပေးတာကို ရပ်ဆိုင်းခဲ့ပါတယ်။

လက်ကျန်သက်တမ်းအထိ ဆက်တူးဖော်ခွင့်ရှိပေမဲ့ ကုမ္ပဏီတွေအားလုံးဟာ ၂၀၂၀ ခုနှစ်မှာ လုပ်ကိုင်ခွင့်ကုန်ဆုံးမှာ ဖြစ်တာကြောင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နဲ့ နီးစပ်တဲ့လုပ်ငန်းတွေက ဆက်လုပ်ကိုင်နေတဲ့ အခြေအနေဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက မိုးကုတ်မှာ စစ်တပ်နဲ့ ဆက်နွယ်တဲ့ ကုမ္ပဏီပိုင် လုပ်ကွက်ကြီးတွေအပြင် တရားမဝင်လုပ်ကွက်ငယ် အများအပြားလည်း ပေါ်ပေါက်ခဲ့ပါတယ်။

"လုပ်ကွက်အကြီးတွေကတော့ ဘယ်လိုလိုင်စင်နဲ့လုပ်လည်းမသိဘူး။ တနိုင်တပိုင် ဒေသခံလုပ်ကွက်တွေက ရဲကြေးပေးပြီးလုပ်ခဲ့ကြတာ တိုက်ပွဲတွေမဖြစ်ခင်အထိပဲ"လို့ မိုးကုတ်စစ်ရှောင်တစ်ဦးက TNLA မသိမ်းခင် မိုးကုတ်အခြေအနေကိုပြောပြပါတယ်။

မြန်မာမှာ ခေတ်အဆက်ဆက် သယံဇာတတူးဖော်ခဲ့တဲ့ ဘယ်အဖွဲ့အစည်းမဆို ဒေသခံရဲ့ အကျိုး စီးပွား နဲ့ သဘာဝပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစားမှုအပိုင်းအားနည်းတာတွေ့ရတယ်လို့ အမည်မဖော်လိုတဲ့ ပြည်တွင်းအခြေစိုက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုရဲ့ တာဝန်ခံ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

" ဆိုးကျိုးတွေက ပြောပြလို့တောင်မကုန်အောင်ဖြစ်နေတာကို အရှေ့မှာလည်းကြုံထားပြီးပါပြီ။ မြေပြင်မှာ လက်တွေ့ဆင်းကြည့်ဖို့အခက်အခဲရှိတဲ့အချိန်မှာ ဘယ်လောက်ထိပျက်စီးနေတယ်ဆိုတာ အတိအ ကျမပြောနိုင်ပေမဲ့ နှစ်အကြာကြီးတောင်စောင့်စရာလိုဘဲ ဆိုးကျိုးတွေမြင်လာရမယ်လို့ ပြောနိုင်တယ်။"

ခေတ်အဆက်ဆက် ကျောက်တူးဖော်သူတွေနဲ့ မိုးကုတ်

မြန်မာကျောက်မျက်အထွက်နှုန်းဟာ ၂၀၁၄ ကနေ ၂၀၁၇ ခုနှစ်အထိ တစ်နှစ်ကို နိုင်ငံခြားဝင်ငွေ အမေရိ ကန်ဒေါ် လာ ၃၄၆ သန်းကနေ ၄၁၅ သန်း အထိ တန်ဖိုးရှိပါတယ်။

ဒါပေမဲ့ တရားမဝင်ထုတ်လုပ်မှုတွေပါပေါင်းရင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၃ ဘီလျံကနေ ၂ ဒသမ ၀၇ ဘီလျံ ထိရှိနိုင်တယ်လို့ ဗြိတိန်အခြေစိုက် Global Witness က ၂၀၂၁ ဒီဇင်ဘာမှာထုတ်ပြန်တဲ့အစီရင်ခံစာမှာဖော်ပြပါ တယ်။

ဒီလို ဒေါ်လာဘီလျံချီဝင်ငွေရနိုင်တဲ့ ကျောက်မျက်လုပ်ငန်းရဲ့ ၉၀ ရာခိုင်နှုန်းဟာ မိုးကုတ်ကထွက်ရှိတဲ့ ကျောက်မျက်တွေ အပေါ်မှာ မှီတည်နေတာပါ။

မိုးကုတ်ဆိုတာနဲ့ တပါတည်းတွဲမြင်ကြတဲ့ ပတ္တမြားအပြင် နီလာ၊စပင်နယ်၊ဂါးနက်၊ဥဿဖယားနဲ့ ပြောင် ခေါင်းစိမ်းတို့လည်း ထွက်ရှိပါတယ်။

မိုးကုတ်က တွင်းထွက်ကျောက်မျက်တွေကို ရန်ကုန်၊မန္တ လေးလမ်းကြောင်းတွေကနေ ထိုင်းဘက်ကို ထုတ်ပြီးနိုင်ငံတကာ ဈေးကွက်ကို တင်ပို့သလို We Chat ကနေတဆင့်လည်း တရုတ်ဈေးကွက်ကို ရောင်းချတာရှိတယ်လို့ မိုးကုတ် ကျောက်ဈေးကွက်ကို နားလည်သူက ဘီဘီစီကိုပြောပါတယ်။

မိုးကုတ်အပြင် ရှမ်းပြည်နယ် မိုင်းရှူးနဲ့ ကချင်ပြည်နယ် နန့်ယားကနေလည်း ကျောက်မျက်လုပ်ကွက်တွေရှိပေမဲ့ မိုးကုတ်ကထွက်ရှိတဲ့ ကျောက်မျက်လောက် အရည်အသွေးမကောင်းဘူးလို့ ကျောက်ကုန်သည်တွေက ပြောပါတယ်။

၂၀၁၅ ခုနှစ်ရဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကျောက်မျက်စာရင်းမှာလည်း မိုးကုတ်ပတ္တမြားဖြစ်တဲ့ Sunrise Ruby ဟာ အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်နဲ့ ကမ္ဘာ့အဆင့် ၁ မှာရပ်တည်ခဲ့တာပါ။

သယံဇာတထုတ်ယူလာတာ နှစ်ပေါင်း ၈၀၀ ကျော်လာပြီဖြစ်တဲ့ မိုးကုတ်မှာ ဒေသခံတွေဟာ ကျောက် တွင်းတွေ ပိုင်ဆိုင်ခဲ့ပေမဲ့ ၁၉၉၀ ခုနှစ်နောက်ပိုင်းမှာ စစ်တပ်လက်အောက်က မြန်မာ့စီးပွားရေးကော်ပို ရေးရှင်း (MEC) နဲ့ မြန်မာ့စီးပွားရေးဦးပိုင် (MEHL) တွေက သိမ်းယူခဲ့တယ်လို့ Global Witness အစီရင်ခံစာက ဆိုသလို မြေပြင်မှာလည်း အများသိဖြစ်ခဲ့ပါတယ်။

ဘီဘီစီနဲ့ မေးမြန်းခဲ့တဲ့ ဒေသခံအချို့က တော့ လက်ရှိ တူးဖော်မူတွေကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးသွားမယ်လို့ ပြောဖို့စောသေးပေမဲ့ ခေတ်အဆက်ဆက် မဆင်မခြင်တူးဖော်ခဲ့မှုတွေကြောင့်ပျက်စီးခဲ့မှုတွေနဲ့ နောက်ထပ်ပျက်စီးမှုတွေဆက်မရှိဖို့ လက်ရှိ အုပ်ချုပ်နေတဲ့ TNLA က ထိန်းသိမ်းကြပ်မတ်စေချင်တယ်လို့ ပြောကြပါတယ်။

admin

admin

Content creator at LTD News. Passionate about delivering high-quality news and stories.

Comments

Leave a Comment

Be the first to comment on this article!
Loading...

Loading next article...

You've read all our articles!

Error loading more articles

loader