ဗြိတိန်ပြည်သူတွေအားလုံးက ယူကရိန်းကို အပြည့်အဝထောက်ခံရပ်တည်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဆာ ကီယာစတာမာ က ယူကရိန်းသမ္မတနဲ့ အမှတ် ၁၀ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်ရုံးမှာတွေ့ဆုံချိန်ပြောပါတယ်။
သောကြာနေ့က အမေရိကန်၊ အိမ်ဖြူတော်ခရီးမှာ သမ္မတထရမ့်နဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇာလန်းစကီး ဟာ အမေရိကန်ကနေ ယူကေကို ဆက်သွားခဲ့တာဖြစ်ပါတယ်။
ယူကရိန်းရဲ့ စစ်ဘက်ဆိုင်ရာလိုအပ်ချက်တွေမှာ သုံးစွဲနိုင်ဖို့ ပေါင် ၂ ဒသမ ၂၆ ဘီလီယံ ချေးငွေအတွက်လည်း ဗြိတိန်ဝန်ကြီးချုပ်နဲ့ ယူကရိန်းသမ္မတတို့ လက်မှတ်ထိုးခဲ့ကြပါတယ်။
ဗြိတိန်က အရေးယူဒဏ်ခတ်ပိတ်ဆို့မှုလုပ်ထားတဲ့ ရုရှားရဲ့ ပိုင်ဆိုင်မှုတွေကနေရတဲ့ အကျိုးအမြတ်ကနေ ယူကရိန်းကို ချေးငှားပေးတာဖြစ်ပါတယ်။
ဝန်ကြီးချုပ် ကီယာစတာမာက ယူကရိန်းကို ထောက်ခံကြောင်း ထပ်လောင်းပြောပြီး "ကျွန်တော်တို့ ယူကရိန်းနဲ့အတူအမြဲရပ်တည်သွားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။
ယူကရိန်းမှာခိုင်မာမြဲမြံတဲ့ ထာဝရငြိမ်းချမ်းရေးရဖို့ ဗြိတိန်က "မယိမ်းမယိုင်သန္နိဋ္ဌာန်" နဲ့ ရပ်တည်သွားမယ်လို့ဆိုပါတယ်။ငေ
" ယူကေပြည်သူတွေဟာ ခင်ဗျားကို ထောက်ခံကြောင်း လမ်းပေါ်ထွက်ပြီး ဖော်ပြနေကြတာ ခင်ဗျားအကြားပါပဲ။ ဒါက ယူကရိန်းနဲ့ အတူ ရပ်တည်ဖို့ ဗြိတိန်ရဲ့ သံသယဖြစ်စရာမရှိတဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်" လို့ ဝန်ကြီးချုပ်ကီယာစတာမာ ကပြောပါတယ်။
ယူကရိန်းအတွက် ဗြိတိန်လို မိတ်ဆွေတွေရှိတဲ့အတွက် ပျော်ရွှင်အားတက်ရတယ်လို့ ယူကရိန်းသမ္မတ ကလည်း ဗြိတိန်ဝန်ကြီးချုပ် ကိုပြောခဲ့ပါတယ်။
"လူတွေအများကြီးကိုတွေ့ခဲ့ရပါတယ်။ ဒီစစ်ပွဲအစကတည်းက ကြီးမားတဲ့ပံ့ပိုးမှုတွေအတွက် ယူကေ ပြည်သူတွေကို ကျေးဇူးတင်ပါတယ်"
ယူကရိန်းသမ္မတဟာ ချားစ်ဘုရင်ကြီးနဲ့ တွေ့ဆုံဖို့ တောင်းဆိုခဲ့ပြီး ယူကေအစိုးရကသဘောတူခဲ့တာဖြစ်ပါတယ်။
အမေရိကန်ပါဝင်ပြီး လုံခြုံရေးအာမခံချက်ရနိုင်မယ့် ယူကရိန်းအတွက်ခိုင်မာမှုရှိမယ့် ဘယ်လိုငြိမ်းချမ်းရေးသဘောတူညီချက်ကိုမဆိုရဖို့ ကြိုးပမ်းနေတယ်လို့ ဝန်ကြီးချုပ် စတာမာက ဆိုပါတယ်။
သောကြာနေ့က ထရမ့်နဲ့ ဇာလန်းစကီး တို့ရဲ့ အချေအတင် တွေ့ဆုံမှုနောက်မှာ ဝန်ကြီးချုပ်ကီယာစတာမာက ထရမ့်ကို ဖုန်းဆက်သွယ်ပြောခဲ့တာဖြစ်ပါတယ်။
ရုပ်ပျက်ဆင်းပျက်နိုင်ခဲ့တဲ့ အိမ်ဖြူတော်တွေ့ဆုံမှုကနေ ထွက်ခွာလာတဲ့ ယူကရိန်းဝန်ကြီးချုပ်ကို အမှတ် ၁၀ ဒေါင်းနင်းလမ်းကို ဖိတ်ခဲ့တာက ဗြိတိန်ရဲ့ ယူကရိန်းအပေါ် အားပေးထောက်ခံမှုကို ပြောင်ကျကျ ပြသခဲ့မှုပဲဖြစ်ပါတယ်။
ဗြိတိန်ရဲ့ ချေးငွေကို ယူကရိန်းမှာ စစ်လက်နက်တွေထုတ်လုပ်ဖို့ ရန်ပုံငွေအဖြစ်အသုံးပြုသွားမှာဖြစ်ပြီး '' ဒါဟာ စစ်မှန်တဲ့တရားမျှတမှုပဲ ဖြစ်ပါတယ်။ စစ်ပွဲကို စတင်ခဲ့သူဟာ ပေးဆပ်ရမယ့်သူပဲ ဖြစ်ရမယ်'' လို့ ဇာလန်းစကီး က ပြောပါတယ်။
အိမ်ဖြူတော်နဲ့ အချေအတင် အပြီးမှာ ဇာလန်းစကီးက အမေရိကန်နဲ့ ဆက်ဆံရေးကို ပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်းခဲ့ပါတယ်။
ထရမ့်နဲ့ ပတ်သက်ပြီး "ခက်ခဲတဲ့ ဆွေးနွေးပွဲများရှိနေပေမဲ့ ကျွန်တော်တို့က မဟာဗျူဟာမြောက် မိတ်ဖက်များအဖြစ် ရှိနေပါတယ်။ ကျွန်တော်တို့ ရိုးသားကြဖို့လိုပြီး တစ်ဦးရဲ့ ဘုံရည်မှန်းချက်တွေကိုလည်း တစ်ဦးက အမှန်တကယ်နားလည်ဖို့လိုအပ်ပါတယ်'' လို့ ဇာလန်းစကီးက ပြောခဲ့ပါတယ်။
အမေရိကန်ကနေ လန်ဒန်အရောက် Stansted လေဆိပ်ကို ဆင်းသက်ချိန်မှာ ယူကရိန်းခေါင်းဆောင်က "သမ္မတ ထရမ့်ရဲ့ ထောက်ခံမှုရရှိဖို့က ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ စစ်ပွဲကိုအဆုံးသတ်ချင်ပါတယ်။ ဒါပေမဲ့ တကယ့် ငြိမ်းချမ်းရေးကို ကျွန်တော်တို့လိုချင်တာထက် ဘယ်သူကများ ဖြစ်နိုင်မှာလဲ'' လို့ သူ့ရဲ့ လူမှုကွန်ရက် X မှာရေးသားခဲ့ပါတယ်။
" ကျွန်တော်တို့က ယူကရိန်းက စစ်ပွဲထဲမှာ အသက်ရှင်နေသူတွေဖြစ်ပါတယ်။ ကျွန်တော်တို့ လွတ်မြောက်မှုအတွက် အသက်ရှင်သန်မှုအတွက် တိုက်ပွဲဖြစ်ပါတယ်'' လို့ ဆိုပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်စေဖို့နဲ့ ဥရောပကာကွယ်ရေးကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးမယ့် ဥရောပခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေး လန်ဒန်မှာ ရှိပါတယ်။
ဒီဆွေးနွေးပွဲဟာ မတ်လ ၆ ရက် ပါရီ မှာလုပ်မယ့် ဥရောပခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးမတိုင်မီ ပြုလုပ်တာလည်းဖြစ်ပါတယ်။
ပြင်သစ်၊ ဂျာမနီ၊ ဒိန်းမတ်၊ နယ်သာလန်၊ နော်ဝေး၊ ပိုလန်၊ စပိန်၊ တူရကီ၊ ဖင်လန်၊ ဆွီဒင်၊ ချက်သမ္မတနိုင်ငံနဲ့ ရိုမေးနီးယား ခေါင်းဆောင်များအားလုံးကို ဖိတ်ကြားထားသလို ဥရောပကောင်စီဥက္ကဋ္ဌများ၊ ဥရောပကော်မရှင်နဲ့ နေတိုးအဖွဲ့လည်းပါဝင်မှာဖြစ်ပါတယ်။
ဒီအစည်းအဝေးက ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ဝါရှင်တန်ရဲ့ ချဉ်းကပ်မှုအသစ်ကို တုံ့ပြန်တဲ့အနေနဲ့ လုပ်မှာလည်းဖြစ်ပါတယ်။
ဗြိတိန်အနေနဲ့တော့ ငြိမ်းချမ်းရေးသဘောတူညီချက်အစိတ်အပိုင်းအဖြစ် ယူကရိန်းလုံခြုံရေးစိတ်ချရအောင် အကူအညီပေးနိုင်ဖို့ ဗြိတိသျှစစ်သားတွေစေလွှတ်ဖို့ "အဆင့်သင့်ရှိသလို ဆန္ဒလည်းရှိနေ" တယ်လို့ ဝန်ကြီးချုပ် ဆာ ကီယာစတာမာက ပြီးခဲ့တဲ့ ရက်သတ္တပတ်က ပါရီဆွေးနွေးပွဲမှာပြောခဲ့ပါတယ်။ ဒါက ပြီးခဲ့တဲ့နှစ်က ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ကရွန်း ပြောခဲ့တဲ့စိတ်ကူးအပေါ် ထပ်လောင်းပြောဆိုခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အပတ်တွေက ပြင်သစ်နိုင်ငံပါရီမြို့မှာ အလောတကြီးလုပ်ခဲ့တဲ့ ဥရောပခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာတော့ ဒီလိုတပ်နေရာချထားရေးနဲ့ပတ်သက်ပြီးသဘောထားကွဲလွဲမှုတွေရှိခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ပါတယ်။
အမေရိကန်ကတော့ သူ့တပ်တွေ ယူကရိန်းကို စေလွှတ်မယ့်နည်းလမ်းကို ပယ်ချထားပြီး ယူကရိန်းလုံခြုံရေးအာမခံချက်ရှိစေဖို့ တာဝန်က ဥရောပအပေါ်မှာ ရှိတယ်လို့ အလေးပေး ပြောထားတာဖြစ်ပါတယ်။
ဒီလို ပြောလိုက်တဲ့အတွက် အမေရိကန်မပါဘဲ ငြိမ်းချမ်းရေးတပ်စေလွှတ်တာက ရေရှည်တည်တံ့နိုင်ပါ့မလားဆိုတဲ့ သံသယကို တိုးလာစေပါတယ်။
ထရမ့်နဲ့ ဇာလန်းစကီးတို့ရဲ့ ပြဿနာပြီးတဲ့နောက် အမေရိကန်မီဒီယာတွေက ထရမ့်ဟာ ယူကရိန်းအတွက် အကူအညီတွေကို လုံးဝဖြတ်တောက်ဖို့ စဉ်းစားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ဥရောပခေါင်းဆောင်တွေက ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ဖို့လိုအပ်တယ်လို့ ပြောဆိုချက်တွေရှိလာပါတယ်။ အကဲခတ်တွေကတော့ ဗြိတိန်စစ်တပ်ဟာ တိုးချဲ့ကာကွယ်ရေးကဏ္ဍကို ဆောင်ရွက်ဖို့ အဆင်သင့်မဖြစ်သေးကြောင်း ထောက်ပြထားပါတယ်။
တနင်္ဂနွေနေ့ လန်ဒန်ဆွေးနွေးပွဲကို ယူကရိန်းသမ္မတဇာလန်းစကီးတက်ရောက်မှာဖြစ်သလို ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးနဲ့ နေတိုးအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး မာ့ခ်ရက်တီလည်း ပါဝင်မှာဖြစ်ပါတယ်။
ဘဲဥပုံရုံးခန်းရဲ့ အဖြစ်အပျက်က ယူကရိန်းသမ္မတကို ဥရောပမဟာမိတ်တွေက စိတ်ဓာတ်တက်ကြွစွာ ခုခံကာကွယ်ပေးဖို့ စေ့ဆော်ခဲ့ပါတယ်။ သံတမန်ရေးအရ စစ်ပွဲကို အပြီးသတ်ဖို့ ကြိုးပမ်းနေပေမဲ့ တိုက်ပွဲတွေကဆက်ရှိနေပါတယ်။
ယူကရိန်းရဲ့ ဒုတိယအကြီးဆုံး ခါကိဗ်မြို့ကို ရုရှားက ဒရုန်းနဲ့ဆက်တိုက်တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် ထိခိုက်ဒဏ်ရာရသူ ဒါဇင်ကျော်ရှိပါတယ်။ အဲဒီလိုထိခိုက်ဒဏ်ရာရသူတွေထဲမှာ မြို့လယ်ခေါင်ကဆေးရုံမှာရှိတဲ့ လူနာလေးဦးလည်း ပါဝင်ပါတယ်။
လူနေအိမ်အဆောက်အဦတွေ၊ ဆေးဆိုင်တွေ၊ ကော်ဖီဆိုင်တွေနဲ့ ဈေးဆိုင်တွေပျက်စီးခဲ့တယ်လို့ ယူကရိန်း တရားရေးဌာနက ပြောပါတယ်။
ရုရှားဘက်က ညသန်းခေါင်မှာ ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာလို့ ယူကရိန်းက ထုတ်ပြောခဲ့တာပါ။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကတော့ ယူကရိန်းရဲ့ ဒရုန်း ၄၈ စင်းကို တစ်ညတာအတွင်း ဒေသ ၈ ခုမှာ "ကြားဖြတ်ဖျက်ဆီးခဲ့ရတယ်" လို့ဆိုပါတယ်။ ၂၀၁၄ ခုနှစ်က ယူကရိန်းကနေသိမ်းယူခဲ့တဲ့ ခရိုင်းမီးယားကျွန်းဆွယ်ဒေသကနေပါ ယူကရိန်းဒရုန်းတွေကိုဖျက်ဆီးခဲ့ရတယ်လို့ ဖော်ပြခဲ့တာပါ။
Comments
Leave a Comment